အသက်ကြီးရင်ဖြစ်တဲ့ အတွင်းတိမ်
အသက်ကြီးလို့ ဇရာက စကားပြောလာတဲ့အခါ ခေါင်းအစခြေအဆုံး ဒုက္ခလို့ ရေရွတ်စရာ ရောဂါတွေ ဖြစ်လာတတ်တာ ဓမ္မတာပါ။ ဒီအထဲမှာ မျက်စိအတွင်းတိမ် ရောဂါကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
မျက်စိအတွင်းမှာ lens လို့ခေါ်တဲ့ မှန်ဘီလူးရှိပြီး သူ့ရဲ့တာဝန်က အလင်းကို မြင်လွှာပေါ်မှာ ဆုံချက်ကျအောင် လုပ်ဆောင်ပေးတာပါ။ အသက်ကြီးလာတဲ့အခါ မှန်ဘီလူးက ငယ်စဥ်ကလို ကြည်လင်မနေတော့ဘဲ တိမ်လို အကွက်တွေ ဖြစ်လာပါတယ်။ အဲဒီအကွက်တွေက ကြာလာတဲ့အခါ ပိုပိုကြီးလာပြီး အမြင်ဝါးတာ၊ မြူတွေကျနေသလို အမြင်မရှင်းတော့တာနဲ့ အမြင်အာရုံကွယ်သွားထိ ဖြစ်တာကို အတွင်းတိမ် ဖြစ်တယ်လို့ ဆိုကြပါတယ်။
- ဆီးချိုရှိတဲ့သူတွေ
- ဆေးလိပ်သောက်တဲ့သူ
- အရက်အလွန်အကျွံ သောက်တဲ့သူ
- စတီးရွိုက်ဆေးတွေ ကြာရှည်သုံးစွဲသူ
- မိသားစုရာဇဝင်မှာ အတွင်းတိမ်ရှိဖူးသူတွေ
- နေရောင်ခြည်နဲ့ UV rays မကြာခဏထိတွေ့ဖူးသူတွေ (အကာအကွယ်မပါဘဲ နေပူထဲ သွားလေ့ရှိသူတွေ) မှာ အတွင်းတိမ် ဖြစ်နိုင်ခြေ ပိုများပါတယ်။
အတွင်းတိမ်ဟာ အသက်ကြီးလို့ ဖြစ်တာတင်မဟုတ်ဘဲ ကလေးတွေနဲ့ လူငယ်တွေမှာလည်း ထိခိုက်ဒဏ်ရာ ရတာ၊ ဓာတ်ရောင်ခြည် ကုသမှု ခံယူဖူးတာတွေကြောင့် ဖြစ်နိုင်ပါသေးတယ်။
ရောဂါလက္ခဏာ…
အတွင်းတိမ်ဟာ တစ်ပြိုင်နက်တည်း မဟုတ်ပေမယ့်လည်း မျက်စိနှစ်ဖက်လုံး ဖြစ်တာများပါတယ်။
- ကြည့်လိုက်တိုင်း မြူတွေဆိုင်းနေသလို အမြင်ဝါးနေတာ
- အလင်းရောင်ကို ကြည့်ရင် လင်းလွန်းနေတာ၊ စူးရှတောက်ပနေတာ
- အလင်းရောင်မှိန်တဲ့ နေရာမှာ သိပ်မမြင်ရတာ
- အရောင်တွေ သေချာမကွဲတာက အတွင်းတိမ်ရဲ့ လက္ခဏာတွေပါ။
အထက်ပါ ရောဂါလက္ခဏာတွေ ရှိနေရင် ကျွမ်းကျင်တဲ့ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
ဘယ်လိုကုသမလဲ?
အရမ်းမဆိုးသေးတဲ့ အချိန်မှာ မျက်မှန်တပ်တာ၊ အလင်းရောင်ပိုရအောင် လုပ်တာမျိုးနဲ့ နေရအဆင်ပြေနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာနိုင်ပါတယ်။
အတွင်းတိမ်အတွက် တစ်ခုတည်းသော အကောင်းဆုံးကုသမှုက ခွဲစိတ်ပြီး မှန်ဘီလူးကို အစားထိုးတာပါပဲ။ ခွဲစိတ်မှုအတွက် ထုံးဆေးအသုံးပြုပြီး နာရီဝက်ခန့်သာ ကြာနိုင်ပါတယ်။ အချိန်မီခွဲစိတ်မှုမခံယူနိုင်ရင် အမြင်အာရုံဆုံးရှုံးတဲ့ထိ ဖြစ်နိုင်တဲ့ ရောဂါပါ။
အတွင်းတိမ်မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် ဗိုက်တာမင်အေနဲ့ ဘီတာကယ်ရိုတင်းပါတဲ့ အစားအစာတွေ၊ antioxidants ပါတဲ့ အစားအစာတွေ ပုံမှန်စားပေးဖို့ လိုပါတယ်။
အတွင်းတိမ်ဟာ အသက်ကြီးလာရင် ဖြစ်တတ်တယ်ဆိုပေမယ့် အသက်ကြီးတဲ့သူတိုင်းတော့ အတွင်းတိမ်ဖြစ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာအောင် နေထိုင်စားသောက်ခြင်းဖြင့် ကာကွယ်ဖို့ လိုသလို ဖြစ်လာခဲ့ရင်လည်း အချိန်မီကုသမှု ခံယူကြပါလို့ ပြောပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်